UG လို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့် မှန်းခြေအရ ဆိုရင်တော့ 3rd Generation ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
Rock သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ Acid အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ DJ စက်တွေ၊ Microphone တွေ၊ Break Dance တွေနဲ့အတူ Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊
Hip Hop မျိုးဆက်ရဲ့ 1st Generation ဖြစ်တဲ့ Acid အဖွဲ့၊ Theory အဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြှီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့ အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။
ရဲလေး၊ ဂျေမီမျိုးဆက်ကို 2nd Generation Hip Hop လို.ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ KH$, Jouk Jack တို့ရဲ့ VIP ဟာ 3rd Generation ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တစ်ခုအနေနဲ့ တွန်းကန်ရုန်းထွက်နေရလို့ပါပဲ။
Hip Hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့ အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့ အသိုင်းအဝိုင်းအတွင်းက လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။
ရှင်းရှင်းပြောရရင် မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ ရဲ့ အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ ရဲ့ အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။
ီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့ အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။
ကိုယ်ပိုင်သံစဉ် မဖန်တီး နိုင်ဘဲ Copy သီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ Rock, Pop သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။
ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ ကို လူလတ်ပိုင်းနဲ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။ ဒါကြောင့် Hip Hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။
ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အစိုးရကို ဆန့် ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။
ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့ စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့် ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။
အဖြေကတော့ သူတို့ ရင်ကို ထိလို့ ပါပဲ၊ သူတို့ ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ်တအနတ်တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။
ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ ဆိုပြီး တတ်ယောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့ အရပ်နဲ့ သူ့ ဇာတ်ကတော့ အံကို ကိုက်လို့ ။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။
သူတို့ ဟာ တစ်ချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ .......
Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့ အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။
IMEEM ကကျွန်တော့သူငယ်ချင်းမလေး SHWEYAUNG ဆီကနေသိပ်ကြိုက်လို့ကူးယူလာတာပါ
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...