Hip Hop ဂီတကို နှစ်သက်သော ၀ါသနာရှင် လူငယ်များ အတွက် Myanmar Rap To The Beat 2011 ဟု အမည်ပေးထားသော HipHop သီချင်းရေးဆို ပြိုင်ပွဲတစ်ခုကို Plan B မှ ကြီးမှူးကျင်းပပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပြိုင်ပွဲတွင် အဆင့်နှစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဆုကြေး အနေဖြင့် ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်းငါးသောင်း၊ တတိယဆု တစ်သိန်းကျပ်နှင့် တစ်ဦးချင်း အကောင်းဆုံး ဆုများ အနေဖြင့် ပထမ တစ်သိန်းငါးသောင်း၊ ဒုတိယ တစ်သိန်း၊ တတိယ ငါးသောင်းကျပ်တို့ကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကြားသိရသည်။
ပါဝင်ယှဉ်ပြိုင်လိုသူများသည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ FMI စင်တာ၊ ၄ လွှာ၊ အခန်းအမှတ် ၂၄၊ ၂၅ သို့ ပြိုင်ပွဲဝင် လျှောက်လွှာနှင့် အဆင့်နှစ်ဆင့် အတွက် သီချင်းနှစ်ပုဒ်စာ အခွေကြမ်းကို ဇူလိုင်လ ၉ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ၌ စည်းကမ်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်သူများ၏ အသက်အရွယ်၊ လူဦးရေ စသည်တို့ကို ကန့်သတ်မထားသောကြောင့် တစ်ဦးချင်း ဖြစ်စေ အဖွဲ့လိုက် ဖြစ်စေ၊ ကော်ပီဖြစ်စေ ကိုယ်တိုင်ဖန်တီးထားသော သီချင်းဖြစ်စေ နှစ်သက်ရာနှင့် ယှဉ်ပြိုင်နိုင်ကြောင်း၊ Hip Hop အမျိုးအစား သီချင်း ဖြစ်ရန်တော့ လိုကြောင်း Plan B မှ တာဝန်ခံတစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။
ပြိုင်ပွဲ၏ ပထမဆင့်ကို ဇူလိုင် ၁၆၊ ဒုတိယဆင့်ကို သြဂုတ် ၂၀ ရက်နေ့များ၌ ရန်ကင်းစင်တာ ပထမထပ်၌ ကျင်းပသွားမည် ဖြစ်ပြီး Hip Hop ဂီတ ၀ါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ကြားသိရသည်။
ဇေယျသက်ငြိမ်
@Myanmardailynews

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...