တင်ဆက်ပေးချင်တာကတော့ လူငယ်တွေအားလုံးအတွက် သီးသန့် ပေါ်ထွက်
လာတဲ့ ဂီတ တစ်ခုရဲ့ အကြောင်းပဲဖြစ်ပါတယ်။ဒီလောက်ပဲပြောရုံနဲ့ ဘာဂီတလဲဆိုတာ အားလုံး
သိကြမှာပါ။ ဟုတ်ပါတယ်။ မြူးကြွတဲ့ စည်းချက်တွေနဲ့ ကာရန်ညီညီ လှုပ်ရှားနေတဲ့ Hip Hop Music
ပဲပေါ့။ Hip Hop ဂီတဟာ နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့စီးဝင်နေတဲ့ ဂီတ တစ်ခုဆိုလည်း မမှားပါဘူး။
Hip Hop လို့ဆိုလိုက်တာနဲ့ Rappers ဆိုတဲ့အသံကြားလိုက်တာနဲ့ အင်္ကျီပွပွ၊ ဘောင်းဘီ ခွကျကျ
ဝတ်ထားတဲ့ ဆယ်ကျော်သက် လူငယ်တွေကို တန်းပြီးမြင်မိကြမှာပါ။ ဒါပေမဲ့ Rapper ကောင်း
တစ်ယောက်ဖြစ်ဖို့ဆိုတာလည်း Rapper အ၀တ်အစားတွေဝတ်ပြီး Rapping တွေရွတ်နေရုံနဲ့
မပြီးဘူးမဟုတ်လား။ ဒီတော့ Hip Hop ကိုစွဲလမ်းနေကြတဲ့ လူငယ်တွေအတွက် Hip Hop ဂီတရဲ့
အကြောင်းအရာတွေကို ဖေါ်ပြပေးလိုက်ပါတယ်နော်။ Hip Hop ရဲ့ ရာဇ၀င်ထဲကို ၀င်ကြည့်ရအောင်။
Hip Hop Music ကို DJ ပွတ်တိုက်သံတွေ၊ စည်းချက်ကျကျ စကားပြောသံတွေနဲ့ အစပြုပြီးတော့
1970 ခုနှစ်မှာ Africa, America, Jamaica နဲ့ Latin လူမျိုးတွေရဲ့ သြဇာလွှမ်းမိုးခြင်းခံရတဲ့ New York
မြို့တော် Bronx တောင်ပိုင်းအရပ်မှာရှိတဲ့ ရပ်ကွက်ထဲက လူငယ်တွေကနေ စတင်ဆင်းသက်လာခဲ့
တာပါ။ လူငယ်တွေဟာ သူတို့ဘ၀ရဲ့ မပြေလည်တဲ့ အကြောင်းအရာတွေ၊ မကျေနပ်ချက်တွေကို
လမ်းကြို လမ်းကြားတွေထဲမှာ အချင်းချင်း ရင်ဖွင့်ရင်းနဲ့ သံစဉ်တွေအဖြစ် ပြောင်းလဲလာကြပြီး
Hip Hop ဂီတ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ မူလပထမတုန်းကတော့ လူတွေဟာ Rap ဆိုတဲ့
အသုံးအနှုန်းကို မသိကြသေးပါဘူး၊ MC (emcee) ရယ်လို့ပဲ သုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါတယ်။
MC (emcee) ရဲ့စည်းချက်တွေဟာ တစ်ခါတစ်ရံမှာတော့ Jamaica နိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့
စကားပြောသလိုပုံစံမျိုးနဲ့သီဆိုရတဲ့ dub လို့ခေါ်တဲ့ ဂီတပုံစံ တစ်မျိုးနဲ့လည်းဆင်တူနေပါတယ်။
ပြီးတော့ Reggae သံစဉ်တွေဘက်ကိုလည်း နွယ်နေပြန်ပါတယ်။ ဒါပေမယ့် Rapper တွေကတော့
သူတို့ရဲ့သံစဉ်တွေဟာ Reggae လုံးဝ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။ Hip Hop Music ကို
အနုပညာရှင်တွေက သူတို့ရဲ့ ခံစားချက်၊ မကျေနပ်ချက်တွေကို စာသားတွေနဲ့ စိတ်လှုပ်ရှားစရာ
ကောင်းလောက်အောင် ဖန်တီးခဲ့ကြတယ်။ ဒါကြောင့် တချို့ကလည်း Hip Hop ဆိုတာ ယဉ်ကျေးမှု
မရှိတဲ့ ဂီတလို့ ပြောကြပြန်ပါတယ်။ အဲဒီအချိန်တုံးက လူတွေက Hip Hop ကို Disco Rap ဆိုပြီး
ခေါ်ဝေါ်သုံးစွဲနေကြတဲ့ အချိန်ပါ။ Hip Hop DJ သမားတွေဖြစ်ကြတဲ့DJ Pete Jones, Eddie Cheeba,
DJ Hollywood နှင့် Love Bug Starski ဆိုသူတို့ဟာ Disco သံစဉ်ရဲ့ လောင်းရိပ်တွေပါဝင်နေတဲ့
ဂီတတွေကို ဖန်တီးခဲ့ကြပါတယ်။
Hip Hop ဆိုတဲ့ အသုံးအနှုန်းကိုတော့ Keith Cowboy ကတီထွင်ခဲ့ပြီးမှသာ လူတွေက Hip Hop
ဂီတရယ်လို့ အသိအမှတ်ပြုခဲ့ကြတာပါ။ Keith Cowboy ဟာ အမေရိကန်စစ်တပ်ထဲမှာရှိတဲ့ သူ့ရဲ့
သူငယ်ချင်းတစ်ယောက်ကို စစ်သားတွေအများကြီး စစ်ချီတက်တဲ့အခါမှာ အော်လေ့ရှိတဲ့ အသံမျိုး
အတိုင်း တုပပြီးတော့ hip/hop/hip/hop ဆိုပြီး နောက်ပြောင် အော်မိရာကနေ Hip Hop ဆိုတဲ့
ဝေါဟာရကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအချိန်ကစပြီး Hip Hop ဆိုတဲ့အသုံးအနှုန်းကိုရော အဓိပ္ပါယ်
တူစကားလုံး ဖြစ်တဲ့ Rap ဆိုတဲ့ အသုံးအနှုန်းကိုပါ စတင်သုံးစွဲခဲ့ကြတယ်။ Hip Hop ဆိုတဲ့ အသုံးအနှုန်းကို Keith Cowboy ကတီထွင်ခဲ့သလိုပဲ Hip Hop သီချင်းတစ်ပုဒ် ဖြစ်လာဖို့အတွက်
အဓိကကျတဲ့ နည်းလမ်းတွေကို စနစ်တကျနဲ့ လမ်းထွင်ခဲ့တဲ့သူလည်းရှိပါတယ်။ သူကတော့
Jamaica နိုင်ငံမှာမွေးဖွားခဲ့ပြီး ၁၉၆၇ ခုနှစ်ရောက်တဲ့အချိန်မှာ United States ကို ပြောင်းရွှေ့
နေထိုင်ခဲ့တဲ့ DJ Kool Herc ဆိုသူပဲ ဖြစ်ပါတယ်။
ပထမဆုံး Hip Hop အဖွဲ့ကို ပြောပြရမယ်ဆိုရင်တော့ Sugarhill Gang အဖွဲ့ဖြစ်ပြီး သူတို့ရဲ့
ပထမဆုံး သီချင်းကတော့ ၁၉၇၉ ခုနှစ်မှာ အသံသွင်းခဲ့တဲ့ Rapper’s Delight ဆိုတဲ့ သီချင်းပဲ
ဖြစ်ပါတယ်။
Hip Hop ဂီတဟာ New York မြို့တော်မှစတင်မြစ်ဖျားခံခဲ့ပြီး အခြားပြည်နယ်များနှင့် နိုင်ငံများ
ဆီသို့ တဖြည်းဖြည်း စီးဆင်းလာခဲ့ပါတယ်။
Brazil နိုင်ငံမှာတော့ Hip Hop ဟာ ဆင်းရဲသားရပ်ကွက်တွေမှာ ရှိတဲ့ လူငယ်တွေကနေ စတင်
ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ Brazil Hip Hop မှာထင်ရှားပြီး စွမ်းအားကောင်းတဲ့ သူတွေကတော့
Racionais MC’s, MV Bill, Marcelo D2, Rappin Hood, Thaide and DJ Hun, GOG နဲ့ RZO
တို့ပဲဖြစ်ပါတယ်။ Philadelphia ပြည်နယ်မှာလည်း Hip Hop ဂီတဟာ ကျော်ကြား လာခဲ့ပါတယ်။
Philadelphia ပြည်နယ်ရဲ့ ပထမဦးဆုံး သီချင်းကတော့ Jocko Henderson ရဲ့ Rhythm Talk ဆိုတဲ့
သီချင်းပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး အမျိုးသမီး Hip Hop အနုပညာရှင်အဖြစ် သတ်မှတ်ခြင်းခံရတဲ့
သူကတော့ To the Beat Y’ All ကို အသံသွင်းခဲ့တဲ့ DJ Lady B ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့
Philadelphia ပြည်နယ်ရဲ့ နောက်ထပ်အနုပညာသမားတွေဖြစ်ကြတဲ့ Scholly D နဲ့ Ice I တို့က
၁၉၈၀ ခုနှစ်အလယ်ပိုင်းမှာ Gangstar Rap ကို တီထွင်ခဲ့ကြပါတယ်။ Gangstar Rap ဆိုတာ
Hip Hop ကနေ ခွဲထွက်ထားတဲ့ Rap နာမည်တစ်မျိုးပါပဲ။ Gangstar Rap တွေရဲ့ သံစဉ်တွေက
American လူမည်းတွေရဲ့ ဘ၀ပုံရိပ်တွေကို ကိုယ်စားပြုခဲ့ကြပါတယ်။
နောက်မှာတော့ Japan နိုင်ငံမှာလည်း Hip Hop ဂီတက လွှမ်းမိုးခဲ့ပြန်ပါတယ်။ Japan နိုင်ငံရဲ့
Hip Hop ကတော့ ၁၉၈၀ အစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့ Hip Hop ပုံစံတွေက
မြူးမြူးကြွကြွ သံစဉ်တွေ၊ စည်းချက်တွေ၊ အကတွေ နဲ့ ဟာသတွေကို သောကကင်းကင်းနဲ့
ပေါင်းစပ်ထားတဲ့ သဘောမျိုးပါ။ နာကြည်းစရာတွေ၊ မကျေနပ်တဲ့ ခံစားချက်တွေ ဘာတစ်ခုမှ
မပါ ပါဘူး။ ဒီလိုပျော်ရွှင်စရာတွေနဲ့ချည်းပဲ ဖန်တီးထားတာဆိုတော့ Japan နိုင်ငံမှာ Hip Hop
ဂီတဟာ အဓိကအကျဆုံး ဂီတတစ်ခုတောင် ဖြစ်ခဲ့ရပါတယ်။ Japan လူမျိုးတွေက Hip Hop
ဂီတကို Pop ဂီတထက်တောင် ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းခုနှစ်တွေမှာတော့ Hip Hop ဂီတဟာ ကမ္ဘာအနှံ့အပြားမှာ အနုပညာရှင်အမြောက်အမြား
နဲ့အတူ ပျံ့နှံ့စီးဝင်ခဲ့တာ အခုအချိန်အထိ အရှိန်ရပ်တန့်မသွားသေးပါဘူး။
Hip Hop Music ဟာမြန်မာနိုင်ငံမှာလည်း အထင်ကရ ဂီတ တစ်ခုအဖြစ်နဲ့ ရပ်တည်နေတုန်းပါပဲ။
ဒါပေမဲ့ လူငယ်တွေအတွက် အရမ်းကိုရူးသွပ်နေရတဲ့ ဂီတတစ်ခုကို လူကြီးပိုင်း ဒုနဲ့ဒေးက နားမလည်
ပေးနိုင်ကြတာကတော့ ၀မ်းနည်းစရာပါပဲ။ လူငယ်တွေရဲ့ Hip Hop ဂီတကို ကြမ်းတမ်းတဲ့ ဂီတတစ်ခု
အဖြစ် သတ်မှတ်နေကြတာတွေကို ရပ်တန်းကရပ်ပြီးတော့ အမြင်ကျယ်ကျယ်ကြည့်ကြမယ်ဆိုရင်
Hip Hop ဂီတက ဖန်တီးရတာခက်ခဲသလောက် သံစဉ်တွေကတော့ နူးညံ့ပါတယ်ဆိုတာ တွေ့ကြ
ရမှာပါ။ ဘယ်သူတွေ ဘာပဲပြောနေပါစေ။ ငါတို့ရဲ့ Rapper တွေကတော့ စင်ပေါ်မှာ မိုက်ကရိုဖုန်း
ကိုင်ပြီး ကာရန်တွေကို ပရိသတ်တွေဆီ ဖြန့်ကြက်နေကြဆဲပါပဲ။
ဇူလိုင်လ၊၂၀၁၀ ထုတ် ဖူးငုံမဂ္ဂဇင်း မှဆောင်းပါးရှင်စိမ့်စိမ့်လွင်ဦး ရဲ့ ရာဇ၀င်ထဲက Hip Hop ဂီတ

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...