လူကြီးမင်းများလက်ခုပ်သံများကိုမျှော်လင့်နေကြတဲ့ Graffiti writer များ – မိုးစက်



လူကြီးမင်းများလက်ခုပ်တီးပါ ။
ဒါကတော့ ရန်ကုန်မြို့ ၊ တကောင်းပန်းချီပြခန်းမှာ ဇွန်လ၂၄ရက်နေ့ကပြုလုပ်သွားခဲ့တဲ့ ဂရက်ဖီတီပွဲတစ်ခုရဲ့ နံမည်ပါ ။ မျက်စိအမြင်အေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲရဲ့ Theme ကိုရေအောက်လို့ ပေးထားပါတယ် ။ ပွဲတစ်ခုလုံးကိုရေအောက်နဲ့ဆိုင်တဲ့ အကြောင်းအရာပေါ်ကိုပဲ အခြေခံရေးဆွဲခဲ့ကြပါတယ် ။

ဒီပွဲကို WTC အဖွဲ့က ကြီးမှုးပြီးတော့ အဖွဲ့အသစ် ၊ လူအသစ်တွေ အဓိကထား ရွေးချယ်တင်ဆက်ပြီး ပြုလုပ်တဲ့ပွဲတစ်ပွဲပဲ ဖြစ်ပါတယ် ။ လမ်းမပေါ်က graffiti writer များဖြစ်တဲ့ YSA , OKP , WTC , LAV ,Casper , Sonic , 9Micro , Rabbit , Bart , YC , MGK တို့ပါဝင်ပါတယ် ။ WTC လို့အတိုကောက်ပေးထားတဲ့ Western Crew ( အနောက်ပိုင်းအဖွဲ့ ) ဟာဆိုရင် ကြည့်ရှုသူလူတွေကိုမေးခွန်းထုတ်လိုက်တဲ့ WHAT ( ဘာလဲ ) ဆိုတာက သူတို့ရဲ့ အထိမ်းအမှတ်တစ်ခုလို့ ဆိုနိုင်ပါတယ် ။
သူတို့လက်ရာတွေမှာ What ဆိုတဲ့စာလုံးကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် ။ မိတ်ဆွေတို့ရော အနုပညာလက်ရာတစ်ခုကို ကြည့်ပြီး ဘာလဲဆိုတာဖြစ်သွားဖူးပါလား ။ ဒါဟာ ခင်ဗျားကိုလက်ရာကပြန်မေးတဲ့မေးခွန်းလည်းဖြစ်နိုင်ပါတယ် ။ ခင်ဗျား ဘာလဲပေါ့ ။ Okkalapa ( ဥက္ကလာပ ) မြို့နယ်ကို ကိုယ်စားပြုတဲ့ OKP
အဖွဲ့ဟာဆိုရင် အ၀ါ ၊ အနီ ၊ အနက် သုံးရောင်ခြယ်ငါးပုံကို ရေးထားပါတယ် ။ အဲဒီ ငါးရဲ့ အမြီးပေါ်မှာ ငြိမ်းချမ်းရေးတံဆိပ်တွေရိုက်နှိပ်ထားပါတယ် ။ ငြိမ်းချမ်းရေးငါးပေါ့။ဒါဟာလည်းမငြိမ်သက်တဲ့ အရပ်ဒေသကလူတွေကို ကိုယ်စားပြုတဲ့လက်ရာတစ်ခုလို့ မှတ်ယူမိပါတယ် ။ငါးပုံလေးFlatဖြစ်နေတာကလွဲရင်ကျန်တာအကုန်ကောင်းပါတယ် ။
တကောင်းပန်းချီပြခန်းရဲ့ အုတ်တံတိုင်းပတ်ပတ်လည် နံရံတွေပေါ်မှာ ဂရက်ဖီတီလက်ရာတွေကို ရေးဆွဲထားပါတယ် ။ရန်ကုန်မြို့မှာ အခြေကျနေထိုင်နေတှဲ့ဆွီဒင်နိုင်ငံသား ၊ Casper ဆိုတဲ့ အနုပညာရှင်က
အုတ်တံတိုင်း နံရံပေါ်မှာ H2O ဆိုတဲ့ စာလုံးကို ဆန်းသစ်မှုတစ်ခုအနေနဲ့ ဘလောက်တုံးပုံစံတွေနဲ့ ရေးဆွဲထားပါတယ် ။ ထိုအတုံးတွေထဲမှာ ငါးခေါင်းပုံလေးတွေလည်း ပါပါတယ် ။ စာလုံး ( Letter ) နဲ့ အရုပ် ( Character ) ပေါင်းရေးခြင်းပေါ့ ။ Sonic တို့အုပ်စုရေးထားတာကတော့ Stay Young ဆိုတဲ့ စာလုံးပါပဲ ။
ငယ်ရွယ်မှုမှာပဲနေချင်တယ်ဆိုတဲ့ သဘောပေါ့ ။ အဲဒီစာလုံးက ကျွန်တော့်ကို စဉ်းစားစရာတွေအများကြီးပေးပါတယ် ။ ” ငယ်စဉ်က . . ကလေးတို့ ဘ၀ဟာ . . ပျော်ပါးဖို့ရန်လွယ်ပါတယ် ” ဆိုတဲ့ သီချင်းစာသားနဲ့တောင် ဆက်စပ်ကြည့်မိသေးတယ် ။

ဖွင့်ပွဲနေ့LiveGraffitiကိုသုံးထပ်သားpannel တွေပေါ်မှာ ရေးဆွဲခဲ့ကြပါတယ်။ဖွင့်ပွဲဟာဆိုရင်ဆယ်ကျော်သက်
ပရိသတ်ရာကျော်ဖြင့် တော်တော်စည်ကားနေခဲ့ပါတယ် ။ ဖွင့်ပွဲရေးဆွဲခဲ့တဲ့ အောက်ခံ Abstract အရောင်တွေပေါ်မှာ RAGE ( ဒေါသ ) ဆိုတဲ့စာလုံးကို ရေးဆွဲထားတဲ့လက်ရာကတော့ အနှိမ်ခံလူငယ်
Graffiti Writer တွေရဲ့ ပေါက်ကွဲသံစဉ် ( ဒေါသ ) ကို အထင်အရှားတွေ့မြင်နိုင်ပါလိမ့်မယ် ။ဟုတ်ပါတယ် ။ဂရက်ဖီတီ အနုပညာကို မြန်မာလူ့အဖွဲ့အစည်းက အသိအမှတ်မပြုသေးတာ ၊ လက်မခံနိုင်သေးတာ ၊ နှိမ်ချပြီးအရူးချီးပန်းလက်ရာလို့ ပြောဆိုမှုတွေ ။ အဲဒါတွေက သူတို့အတွက် ဒေါသဖြစ်စရာတွေပါ ။
မြန်မာပြည်က ဂရက်ဖီတီတွေက စာလုံး ( Letter ) တွေသာအတွေ့ရများပြီး အရုပ် ( Character ) အတွေ့ရနည်းပါတယ် ။ ဒါပေမယ့် ဒီပွဲမှာဆိုရင် အရုပ်(Character) တွေကို စမ်းသတ်ရေးဆွဲလာတာ တွေ့ရပါတယ် ။ဒါဟာ ကောင်းခြင်းလက္ခဏာပါ ။ ဒီပွဲမှာတွေ့ရတဲ့ စာလုံးတစ်ချို့ကတော့ YSA , RBT စတာတွေပဲဖြစ်ပါတယ် ။ဒီစာလုံးတွေဟာဆိုရင် အဖွဲ့ရဲ့ နံမည်တွေ အနုပညာရှင်တွေရဲ့ နံမည်ကိုယ်စားပြုတွေပဲဖြစ်ပါတယ် ။ ” ဘယ်အရာကိုမှ ကိုယ်စားမပြုဘူး ၊ ကျွန်တော့်ကိုယ် ကျွန်တော်သာကိုယ်စားပြုတယ် ” ဆိုတဲ့ ခံယူချက်နဲ့ လုပ်ကိုင်နေခြင်းလားလို့ ထင်မှတ်မိပါတယ် ။ ဘာပဲပြောပြော နံရံတွေပေါ်မှာရေးဆွဲမှုတွေ တော်တော်များများပါတဲ့ဒီပွဲဟာဆိုရင် အရင့်အရင်ပွဲတွေထက်စာရင် ပိုပြီး Graffiti ဆန်တယ်လို့ဆိုနိုင်ပါတယ် ။

မြန်မာနိုင်ငံ ဂရက်ဖီတီလောကမှာ ဆိုရင် မကြာသေးမီကာလအတောအတွင်းမှစပြီး Plug The City တို့လိုမျိုးMoney Laundry တို့လိုမျိုး လူအဖွဲ့အစည်းကိုထင်ဟပ်တဲ့ ၊ ကိုယ်စားပြုတဲ့လက်ရာများကိုလမ်းမများပေါ်တွင် စတင်တွေ့မြင်တွေ့လာရပါတယ် ။ အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင် ပွင့်လင်းလာမယ့် အနာဂတ်တွင် ဒီထက်ပိုပြီး လူ့အဖွဲ့အစည်းကိုထင်ဟပ်တဲ့လက်ရာများ ခိုင်မာတေသာ ကွန်ရက်တစ်ခုပေါ် အခြေခံထားသော
အဆင့်အတန်းမြင့် လက်ရာများကို များများမြင်တွေ့ရမယ်လို့မျှော်လင့်မိပါကြောင်း . . . .

မြန်မာ graffiti writer များအဓွန့်ရှည်ပါစေ . . . ။

မိုးစက်
LivingFashion Magazine ( August , 2012 )

Credit to Obobeatz.wordpress.com

Comments